ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်းရှိ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု

မိုးညို ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သို့ ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညိုမြို့နယ်၊ ဘုရားငူအုပ်စု၊ ဘုရားငူကျေးရွာအနီးရှိ မင်းလှ-မိုးညိုသွားကားလမ်း မိုင်တိုင်အမှတ်(၁၀/၇)နှင့်(၁၁/၆)အကြား ကွန်ကရစ်လမ်းခင်းကျင်းရန် ပြင်ဆင်ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားခဲ့သည်။       

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါက်ကုန်းအုပ်စု၊ ဗောဓိကုန်း‌ကျေးရွာသို့ရောက်ရှိပြီး ကွင်းအမှတ်(၅၇)ရှိ တောင်သူဦးဝင်းလှိုင် အပါအဝင် တောင်သူ(၅၃)၏ ဧက (၂၀၀)တွင် စိုက်ပျိုးထားသော အစေ့ထုတ်ပြောင်းစိုက်ပျိုးထားရှိမှု၊ ငရုပ်နှင့် အခြားသီးနှံများ အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှု၍လည်းကောင်း၊ ဖလံချောင်းအုပ်စု၊ ဖလံချောင်းကျေးရွာရှိ တောင်သူဦးလှသန်း၏ (၄)ဧကခန့် ကျယ်ဝန်းသည့် ငရုပ်စိုက်ခင်းတို့အားလည်း‌ကောင်း ကြည့်ရှု၍ တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ စိုက်ပျိုးရေးလုပ်ကိုင်ဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)