ငဖဲ ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဇီးတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ဇီးတော အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဌေးက အဖွင့်အမှာစကားပြောကြား၍ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရသည့် အကြောင်းရင်းများ၊ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့ အကျင့်ရရှိစေရန် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ကျောင်းစာသာမက သုတရသ စာအုပ်စာပေတွေကိုလည်း လေ့လာဖတ်ရှုကြရန်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်နန်းသီတာထွေးက အားကစားနည်းအမျိုးအစားများ၊ လူငယ်နှင့်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြကြောင်းနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက Physical Fitness Dance ဖြင့် သရုပ်ပြသဖျော်ဖြေခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)