လက်ပံတန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်

လက်ပံတန်း ဇန်နဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်၍ အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ လစဉ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် အ.မ.က နတ်စင်ကုန်း(၁)နှင့် အ.မ.က နတ်စင်ကုန်း(၂)ကျောင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးမျိုးမင်းထွန်းမှ “ဗလငါးတန်ဖွံ့ဖြိုးဖို့စာအုပ်စာပေဖတ်ကြစို့” ခေါင်းစဉ်ဖြင့်ဟောပြောဆွေးနွေးပြီး ဒုတိယဦးစီးမှူး ကြည်မြတ်နွယ်က မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လိုက်နာဆောင်ရွက်သင့်သည့် အချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်းက ကျောင်းသား/ကျောင်းသူများအား ဘုတ်ပြားပြဇာတ်၊ ရုပ်ပုံပြဇာတ်များ ပြသခဲ့ပြီးကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ပေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များ ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)