ကျိုက်လတ် ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဇန်နဝါရီ (၁၃)ရက်နေ့မှ စတင်ကျင်းပခဲ့ပြီး ယမန်နေ့နံနက်(၉)နာရီအချိန်၌ မုခ်ဦးဖွင့်ပွဲကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဒေါ်ယဉ်ဆွေဝင်း၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးတင်လင်းတို့က ဖျာပုံခရိုင်နှင့် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ ခြံရံလျက် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မြစန္ဒီခန်းမတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသား/သူများက “ပညာဘဏ်တိုက်စာကြည့်တိုက် သွားကြစို့” သီချင်းသီဆိုကာ ဖွင့်လှစ်၍ “နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည်” ဗီဒီယိုအား ပြသပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အဖွင့်အမှာစကားပြောကြားရာတွင် စာကြည့်တိုက်များ ရှင်သန်ခိုင်မာ ဖွံ့ဖြိုးတိုးတက်စေရေး စာတတ်သူတိုင်း စာဖတ်စေဖို့ စာဖတ်ခြင်းအလေ့အထမှ အလေ့အကျင့်ဖြစ်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်၊ စာဖတ်ခြင်းအလေ့အထနဲ့ စာကြည့်တိုက်အသုံးပြုမှုများကို မိမိတို့ဘဝတစ်လျှောက်လုံး အသုံးချဆောင်ရွက်ရင်း မိမိတို့ရဲ့ပတ်ဝန်းကျင်၊ အတန်း၊ ကျောင်း၊ တိုင်းပြည်ကောင်းအောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ကျောင်းသား/သူများက “အလှဆုံးပန်းများပွင့်ကြပြီ” သီချင်းအပါအဝင် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြပြီး ပွဲတော်၌ ယှဉ်ပြိုင်ခဲ့ကြသော ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများ၌ ဆုရရှိသူ ကျောင်းသား/သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုအသီးသီး ချီးမြှင့်ခြင်းတို့ဆောင်ရွက်ခဲ့၍ ပွဲတော်အတွင်းပြသထားရှိသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)