ဟားခါး ဇန်နဝါရီ ၁၅
နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများ တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများအတွက် ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနား ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများမှ ဆရာတော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ သိက္ခာတော်ရဆရာတော်၏ ဆုတောင်းခြင်းဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ပြီးနောက် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီး / ပြည်နယ်များအားလုံးကို ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ်နှစ်တိုင်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်မှုအားနည်းသည့် နယ်စပ်ဒေသများကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိမူဝါဒအရ အသင်းတော်တစ်ပါးလျှင် ကျပ်(၁၀)သန်းနှုန်းဖြင့် ရန်ပုံငွေခွဲဝေပေးလျက်ရှိပါကြောင်း၊ ချင်းပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများအအတွက် ၂၀၂၁−၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အထိ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ စုစုပေါင်း ငွေကျပ် ၃၈၂၂ သန်းခန့်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ရန်ပုံငွေခွင့်ပြုမှုအခြေအနေကို လေ့လာကြည့် ပါက ခရစ်ယာန်ဘုရားကျောင်း (၂၀၃) ကျောင်း၊ ဗုဒ္ဓဘာသာနှင့် အခြားက (၃၇)ကျောင်း၊ စုစုပေါင်း (၂၄၀) ကျောင်းရှိသည်ကို တွေ့ရှိရပါကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်တွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ရန်ပုံငွေခွဲဝေမှုနှုန်းထားလည်း တိုးမြှင့်နိုင်ရေး စီမံဆောင်ရွက်ထား ါကြောင်း၊ ယခုကဲ့သို့ ခွဲဝေသုံးစွဲခြင်း၏ ရည်ရွယ်ချက်မှာ ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ ယုံကြည်ကိုးကွယ်မှု ပိုမိုထိရောက်နိုင်စေရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် ဖြစ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် ချင်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးဆွေလင်းမြင့်တို့က နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ချင်းပြည်နယ်အတွင်း ဆောင်ရွက်နေသည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနက် ဘာသာ၊ သာသနာ ထွန်းကားပြန့်ပွားရေးဆိုင်ရာ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများအတွက် ဘဏ္ဍာရန်ပုံငွေများပေးအပ်ရာ သက်ဆိုင်ရာ ဆရာတော်များနှင့် တာဝန်ရှိသူများက လက်ခံရယူကြကာ အခမ်းအနားတက်ရောက်လာကြသည့် အသင်းတော်များကိုယ်စား ဆရာတော်တစ်ပါးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသည့် ဆရာတော်များနှင့် အသင်းတော်တာဝန်ရှိသူများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြည်နယ်ဝန်ကြီးများက ဆွေးနွေးတင်ပြလိုသည့်အချက်များကို ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေး၍ နိဂုံးချုပ်အမှာစကားပြောကြားကာ သိက္ခာတော်ရ ဆရာတော်၏ ဆုတောင်းခြင်းဖြင့် အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)