မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်

မြိတ် ဇန်နဝါရီ   ၁၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အခမ်းအနားမှူးသင်တန်းကို ဇန်နဝါရီ (၁၅) ရက် နံနက် (၉) နာရီက ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားမှူးတစ်ယောက်သည် အခမ်းအနားတစ်ခု အောင်မြင်ချောမောစွာ ကျင်းပနိုင်ရန် အဓိက အရေးပါဦးဆောင်သူ တစ်ယောက်ဖြစ်ပြီး အခမ်းအနားမှူးတစ်ယောက်အဖြစ် ဆောင်ရွက်မည့်သူသည် မိမိတာဝန်ယူရသည့် အခမ်းအနား၊ အစည်းအဝေး စသည်တို့ကို ချောမွေ့အဆင်ပြေစွာ ပြောဆိုတာဝန်ယူနိုင်ရန်အတွက် သတိပြုသင့်၊ ဆင်ခြင်သင့်သည်များ၊ ရှိသင့်သည့်အရည်အချင်းများ၊ သိသင့်သိထိုက်သည့် အချက်များ၊ အသုံးအနှုန်းဝေါဟာရ၊ အသံလေယူလေသိမ်း၊ အဖြတ်အတောက်များကို သိရှိနိုင်စေရန် မျှဝေပေးလိုသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သင်တန်းကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်နန်းနန်းက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြား၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မဉ္ဇူဝင်းက သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ သင်တန်းသူ (၅၀)ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူး လက်စွဲပါ သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကာ ဇန်နဝါရီ (၁၅) ရက်မှ (၁၇) ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)