ဘားအံ ဇန်နဝါရီ ၁၅
နိုင်ငံ၏စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် လိုအပ်သောလူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနေသော စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)၏ သတ္တမအကြိမ်မြောက် အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင် စိုက်ပျိုးရေးဒီပလိုမာလက်မှတ်အပ်နှင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ချိန်ထိ အလယ်အလတ် အဆင့်စိုက်ပျိုးရေးပညာရှင်ပေါင်း ၃၆၄ ဦးကို စိုက်ပျိုးရေးနယ်ပယ်အတွက် အင်အားသစ်များမွေးထုတ်ပေးနိုင်ခဲ့ရာ ဒီပလိုမာအပ်နှင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မောင်တို့မယ်တို့အနေဖြင့် ဒီပလိုမာနှင့်ရောင့်ရဲမနေဘဲ B.Ag, Post Grate, M.Phill, M.Ag, Ph.D ဘွဲ့များထိ ကြိုးစားကြစေလိုပြီး မိမိတို့သင်ယူတတ်မြောက်ခဲ့သော စိုက်ပျိုးရေးပညာဖြင့် မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်တောင်သူများ၏ ဘဝမြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးဖို့တိုက်တွန်းလိုကြောင်း၊ အမြဲတီထွင်ကြံဆနိုင်သော၊ အရာရာကိုအောင်မြင်စွာ ကျော်လွှားနိုင်ပြီး အရည်အချင်းပြည့်ဝသော ပြည်နယ်၏စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကောင်းများကို ဖော်ဆောင်ပေးနိုင်ကြပါစေကြောင်းပြောကြားပြီး စိုက်ပျိုးရေးဒီပလိုမာရရှိသူများအတွက် ငွေကျပ်ခြောက်သိန်းကို ဂုဏ်ပြုချီးမြှင့်ကာ စိုက်ပျိုးရေးဦးစီးဌာနမှချီးမြှင့်သော ငွေကျပ်ငါးသိန်းကို မျိုးစေ့ဌာနခွဲ ညွှန်ကြားရေးမှူးက ကျောင်းအုပ်ဆရာမကြီးထံ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ကျောင်းအုပ်ကြီး ဒေါ်ခင်သီတာကျော်က လိုအပ်သည့် ကတိခံဝန်ချက်များရယူကာ အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်လက်မှတ် စိုက်ပျိုးရေးဒီပလိုမာ ပွဲတက်ရယူသူ ၃၀ ဦးနှင့် အဝေးရောက် ဒီပလိုမာရယူသူ ၉ ဦး စုစုပေါင်း ၃၉ ဦးကို စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပြီး အပ်နှင်းပြီးသော ဒီပလိုမာစာရင်းကို လက်မှတ်ရေးထိုးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမနှစ်မှ နောက်ဆုံးနှစ်ထိ (၃)နှစ်ဆက်တိုက် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ကျောင်းအုပ်ကြီးက ဒီပလိုမာအပ်နှင်းသဘင် မိန့်ခွန်းမြွတ်ကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ဒီပလိုမာ ယူသူများနှင့်၎င်းတို့၏ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားခြင်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)