ထားဝယ် ဇန်နဝါရီ ၁၅
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲပြသယှဉ်ပြိုင်နိုင်ရေး တိုင်းဒေသကြီး MSME အေဂျင်စီ အစည်းအဝေး (၁/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက (၇၈)နှစ် မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို နေပြည်တော်တပေါင်းကွင်း၌ ဖေဖော်ဝါရီ (၁၀)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ MSME ထုတ်ကုန်ပြိုင်ပွဲတွင် အသေးစားလုပ်ငန်းရှင် (၁)ဦးက ကိုကိုးထုတ်ကုန်၊ အငယ်စားလုပ်ငန်းရှင်(၁)ဦးက ရိုးရာချည်ထည်၊ အလတ် စားလုပ်ငန်းရှင်(၁)ဦးက ပုလဲထုတ်ကုန်၊ OROP ထုတ်ကုန်များအနေဖြင့်လုပ်ငန်းရှင်(၃)ဦးက ရေထွက်ကုန်၊ ရော်ဘာထုတ်ကုန်၊ ငှက်သိုက်ထုတ်ကုန်များ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ MSME ထုတ်ကုန်ပြပွဲတွင် ပြည်တွင်းကုန်ကြမ်းသုံး ထုတ်ကုန်များအနေဖြင့် ရိုးရာချည်ထည်ထုတ်ကုန်(၄)မျိုး၊ စိုက်/မွေးအခြေခံထုတ်ကုန်များအနေဖြင့် ပုလဲထုတ်ကုန် (၅)မျိုး၊ ကိုကိုးစားသောက် ကုန်(၆)မျိုး၊ မောတောင်ကော်ဖီထုတ်ကုန် (၅)မျိုး၊ သီဟိုဠ်ထုတ်ကုန်(၂)မျိုး၊ ကွမ်းသီးထုတ်ကုန် (၃)မျိုး၊ ပြည်ပပို့ကုန်များအနေဖြင့် ရေထွက်ကုန်(၇)မျိုး၊ ရော်ဘာထုတ်ကုန်(၃)မျိုး၊ OROPထုတ်ကုန်များနှင့် ငှက်သိုက်ထုတ်ကုန်(၂၂)မျိုး၊ ရေထွက်ကုန် (၆) မျိုး၊ ရော်ဘာထွက်ကုန် (၃)မျိုးကို လုပ်ငန်းရှင် (၁၀)ဦးက ထုတ်ကုန်(၆၆)မျိုးအား ပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေ ဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာ ဝင်ရောက်ပြသယှဉ်ပြိုင်နိုင်ရေး တိုင်းဒေသကြီးအဆင့် အေဂျင်စီအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ တွဲဖက်အတွင်းရေးမှူးက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပြသရောင်းချမည့် ထုတ်ကုန်များနှင့် ပြိုင်ပွဲဝင် MSME လုပ်ငန်းရှင်များစာရင်း တင်ပြပြီး ပြိုင်ပွဲဝင် MSME လုပ်ငန်းရှင်များအား တိုင်းဒေသကြီးအဆင့် ဇကာတင်ရွေးချယ်နိုင်ရန် အမှတ်ပေးစည်းမျဉ်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး MSME အေဂျင်စီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)