ပြည် စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် (မဲခေါင်- လန်ချန်း) ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ-၂၀၂၂ စီမံကိန်းဖြင့်ဆောင်ရွက်သည့် ကြံသီးနှံစိုက်ကွင်း သရုပ်ပြပွဲနှင့် တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်မြို့ အနောက်လက်ခုပ်ပင်အုပ်စုရှိ တောင်သူ ဦးဉာဏ်ဝင်း၏ KK3 ကြံသီးနှံ (၅ ဧက)စံပြစိုက်ခင်း၌ ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံ ကြံသီးနှံစိုက်တောင်သူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန (သကြားထွက်သီးနှံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက အရည်အသွေးကောင်းမွန်သော ကြံသီးနှံစိုက်ပျိုးမှုထုတ်လုပ်မှု တိုးတက်မြင့်မားရေးနည်းပညာရပ်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန (သကြားထွက်သီးနှံဌာနခွဲ)ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ကွင်းသရုပ်ပြပွဲနှင့် နည်းပညာဆွေးနွေးပွဲဆောင်ရွက်မှုအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ကြံသီးနှံစိုက်တောင်သူများအတွက် ဂုဏ်ပြုလက်ဆောင်များပေးအပ်ပြီး စံပြကွက်ကွင်းသရုပ်ပြပွဲဆက်လက်ဆောင်ရွက်ကာ ကြံသီးနှံစိုက်ကျွမ်းကျင်ပညာရှင်တစ်ဦးက တောင်သူများအား ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှုနည်းပညာရပ်ဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး မျှဝေဆွေးနွေးပေးခဲ့သည်။ ပြည်မြို့နယ်တွင် ယခုနှစ် ကြံစိုက်ရာသီတွင် လျာထားဧက (၇၀၀၀)ကျော် ပြည့်မီကျော်လွန် စိုက်ပျိုးနိုင်ခဲ့ပြီး မျိုးကောင်းမျိုးသန့်များ ရရှိစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် လိုအပ်သော စိုက်ပျိုးနည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)