ဖြူးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဖြူး ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပညာရေးစုံညီပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၂)ဦးခင်မောင်စိုး၊ မြို့နယ်ပညာရေးမှူး ဦးကျော်စွာဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး Grade-11မှ ကျောင်းသား/ကျောင်းသူများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့်  သီဆိုဖွင့်လှစ် ပေးကြသည်။

ထို့နောက် ပညာရေးစုံညီပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုတင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကျော်စွာဝင်းက ပညာရေးဆိုင်ရာများအား ရှင်းလင်း ပြောကြား သည်။

ဆက်လက်၍  ၂၀၂၃-၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းမြို့နယ်အဆင့် အောင်ချက်အကောင်းဆုံး ကျောင်းဆုများကိုလည်းကောင်း၊  ဗဟိုအဆင့်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့် ၂၅ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ တီးပြိုင်ပွဲ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် National ICT Awardsပြိုင်ပွဲ၊ သင်္ချာ/အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ထူးချွန်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ လူရည်ချွန်ဆုနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၊ ကမ္ဘာ့ဆရာများနေ့၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နေ့ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူ များအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၂)၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က အသီးသီးဆုများ ချီးမြှင့်ပေးအပ်ခြင်း၊ ကျောင်းသား/ကျောင်းသူများမှ အကပဒေသာများဖြင့် သီဆိုကပြ ဖျော်ဖြေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)