ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ဝေါ ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ဘုရားပျိုကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း ဘုရားပျိုမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန် ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ပေါင်းဆက်ညှိနှိုင်းပေးသူအဖြစ်ဆောင်ရွက်ပေးပြီး အ.ထ.က ဘုရားပျိုကျောင်းမှ Grade(10)ကျောင်းသား မောင်သီဟမောင်မောင်က “အောင်မြင်မှုပန်းတိုင်သို့ခြေလှမ်းများ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မနှင်းဝေဝေဇွန်က “လူငယ်နှင့်ရည်မှန်းချက်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မဇာနည်ဝင်းက “မိမိဘဝတန်ဖိုးကို မိမိကိုယ်တိုင်မြှင့်တင်ပါ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်ရှိုင်းရှိုင်းမင်းက “မိမိကိုယ်ကို ယုံကြည်မှုရှိပါ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသူ မအိမ့်ဂျူးဂျူးက “ခေါင်းဆောင်ကောင်းတယောက်ဖြစ်အောင် ကိုယ့်ကိုကိုယ် ပုံသွင်းပေးနိုင်မည့် နည်းလမ်း” စသည့်ခေါင်းစဉ်တို့ဖြင့်  ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)