ဇီးကုန်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်

ဇီးကုန်း ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင် ပြပွဲနှင့်ဟောပြောပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီအချိန်က အ.မ.က ကရင်ကုန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.မ.က ကရင်ကုန်းကျောင်း ကျောင်းအုပ်ဆရာမကြီး​ ဒေါ်အေးမြင့်စန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက ကျောင်းသား၊ကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုး ကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်းတို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ဒေါ်ဇင်မာထွန်းက ပုံပြင်စာအုပ်များဖတ်ပြခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း၊ ကုန်ညွှန်းအမှတ်အသား ပြည့်စုံပါဝင်မှု၊ စားသုံးရန်မသင့်သော အစားအသောက်များ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကိုပြသ၍ ဖတ်ရှုစေခြင်း၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်နှင့် အသိပညာဗဟုသုတကြွယ်ဖို့ စာအုပ်စာပေဖတ်ကြစို့ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)