ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများက စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများ၊ စားသုံးသူကော်မတီအဆင့်ဆင့်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးနေမှုများ၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေအရ ကုန်စည်နှင့်ဝန်ဆောင်မှုကို တိုက်ရိုက်သုံးစွဲသူ ပြည်သူအများရရှိခံစားရမည့် အကျိုးကျေးဇူးများနှင့် သိရှိသင့်သည့်အချက်အလက်များ အကြောင်းတို့ကို အသီးသီးအသိပညာပေး ရှင်းလင်းဟောပြောကြရာ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ဟောပြောပွဲတွင် ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းသူများ တက်ရောက်ကြပြီး ဟောပြောမှုအပေါ် နားလည်မှတ်သားနိုင်မှု စွမ်းရည်အခြေအနေ မေးမြန်းကာ အဖြေမှန်ရရှိသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခြင်း၊ စားသုံးသူရေးရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)