ပဲခူး ဇန်နဝါရီ ၁၄
ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ (၅)လမ်းတွင် ယနေ့နံနက်(၀၀:၃၅)နာရီအချိန်ခန့်က ရေခဲသေတ္တာနှင့် သွယ်တန်းထားသော မိန်းထုပ်အပူလွန်ကဲရာမှ နေအိမ်(၂)လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်စဥ်မှာ အိမ်ပိုင်ရှင်ဒေါ်သိန်းသိန်းမာ ကလျာဏီရပ်ကွက်၊ (၅)လမ်း၊ ပဲခူးမြို့နေသူပိုင်ဆိုင်သည့် (၁၅+၂၀) ပေ အကျယ်ဝန်းရှိ ထရံကာ/ ပျဉ်ခင်းနေအိမ်ရှိ မီးဖိုးချောင်တွင် 110 ရေခဲသေတ္တာအားဖွင့်ထားစဉ် ရေခဲသေတ္တာနှင့် သွယ်တန်းထားသော မိန်းထုပ်မှ အပူလွန်ကဲပြီး နေအိမ်ထရံအား မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကာ ၎င်းမီးလောင်မှုမှတစ်ဆင့် ခြံဝန်းတစ်ဝန်းထဲတွင်ရှိသော ဒေါ်သိန်းသိန်းမာ၏ မိခင် ဒေါ်ကျင်သန်း၏ ပေ(၂၀)ပတ်လည် ထရံကာ/ပျဉ်ခင်းနေအိမ်အား မီးကူးစက်လောင်ကျွမ်းက နေအိမ် (၂) လုံးမီးလောင်ကျွမ်းခဲ့သည်။
အဆိုပါ မီးလောင်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းမီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ (၀၀:၅၀)အချိန်တွင် မီးညွန့်ကျိုးကာ (၀၀:၅၅)အချိန်တွင် မီးငြှိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်ဆီးမှုမရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)