မုံရွာ ဇန်နဝါရီ ၁၄
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်ကာ မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရန်ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက မုံရွာမြို့ လယ်တီရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) လယ်တီကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ကျောင်းသားကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံစေရေးအတွက် လူငယ်နှင့်စာပေ၊ လူငယ်နှင့် ယဥ်ကျေးမှု၊လူငယ်နှင့်အားကစား၊လူငယ်နှင့် မူးယစ်ဆေးဝါး၊လူငယ်နှင့် စာရိတ္တ၊ လူငယ်နှင့်နည်းပညာစသည့် လူငယ်ရေးရာအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ယုယုဝင်းက ကလေးအလုပ်သမားပပျောက်ရေး အသိအညာပေးခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးဟောပြောခဲ့ပြီးနောက် ကျောင်းသားကျောင်းသူများ၏ သိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူ (၈၀) ဦးက မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်ဓာတ်ပုံပြပွဲ နှင့်စာအုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ကလေးအလုပ်သမားပပျောက်ရေး အသိအညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)