ဘုရားသုံးဆူ ဇန်နဝါရီ ၁၀
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ အထက်တန်းကျောင်းတွင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမှ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဌာန၊ ပြည်နယ်ဝန်ကြီး ဦးမင်းကိုခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ကော့ကရိတ်ခရိုင် လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်နိုင်မှ နိုင်ငံဆိုင်ရာဥပဒေနှင့် သိမှတ်ဖွယ်ရာများအကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် စိစစ်ရေးကတ်ပြား (၁၀၀၈) ကတ်အား ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုမာမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားကို လူဝင်ကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးမင်းကိုခိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီး ဦးစောရှားဖောင်အွာ၊ ခရိုင်ဦးစီးမှူး၊ ကြာအင်း ဆိပ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ဘုရားသုံးဆူမြို့ အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
စောရဲ၀င်းထွဋ် (ပြန်/ဆက်)