မြိတ်မြို့၌ ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းတွင် မိမိဆန္ဒဖြင့် ပူးပေါင်းခြင်း သဘောတူညီချက် Voluntary Partnership Agreement (VPA) မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မြိတ် ဇန်နဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ငါးသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းတွင် မိမိဆန္ဒဖြင့် ပူးပေါင်းခြင်းသဘောတူညီချက် Voluntary Partnership Agreement (VPA) မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ငါးလုပ်ငန်းဦးစီးဌာနနှင့် Fauna & Flora - Myanmar တို့ ပူးပေါင်း၍ Green Eye ဟိုတယ်အစည်းအဝေး ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပသည်။

မြိတ်ကျွန်းစု ဒေသအပါအဝင် မြန်မာ့အဏ္ဏဝါ သက်ရှိသယံဇာတများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးစေပြီး ငါးသယံဇာတကို မှီခိုနေရသူများ၏ အလုပ်အကိုင်အခွင့်အလမ်း ရေရှည်ဖွံ့ဖြိုးစေကာ မြန်မာ့ပင်လယ်ငါးလုပ်ငန်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးစေရန် လိုအပ်သော မူဝါဒဆိုင်ရာ အချက်အလက်များ အကြံပြုဆွေးနွေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲကို မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မင်းဦးက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး Fauna & Flora- Myanmar စီမံကိန်းမန်နေဂျာ ဦးစိုးထွန်းက အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား၍ ဆွေးနွေးပွဲကို စတင်ခဲ့သည်။ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများ၊ ရေလုပ်ငန်းလုပ်ကိုင်သူများ၊ စီမံကိန်းကျေးရွာများမှ ဒေသခံများ၊  စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းတွင် မိမိဆန္ဒဖြင့် ပူးပေါင်းခြင်းသဘောတူညီချက် Voluntary Partnership Agreement VPA မူဝါဒ (မူကြမ်း) ကို Fauna & Flora-Myanmar မှအကြံပေးပညာရှင် Dr. Philip Dearden က ဦးဆောင်၍ ရှင်းလင်း‌ဆွေးနွေးပြီး တက်ရောက်လာကြသူများဖြင့် ဆွေးနွေးခဲ့ကြ၍ ဆွေးနွေးပွဲရလဒ် ရှင်းလင်းချက်များကို သဘောတူညီချက်ရယူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)