ပွင့်ဖြူမြို့နယ် သာစည်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး

ပွင့်ဖြူ ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ခုပ်ပင်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာ၌ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်စေရန်အတွက် နဝမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် က မြစိမ်းရောင်ကျေးရွာစီမံကိန်း လက်စွဲစာစောင်ပါ ညွှန်ကြားချက်များ၊ စီမံကိန်းဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ ချေးငွေထုတ်ချေးရာတွင်လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာနေပြည်သူများထားရှိရမည့် ကျေးရွာစိတ်ဓာတ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက သာစည်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက သာစည်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၈၇ ဦးကို ငွေကျပ် ၃၀ ဒသမ ၉ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၅ ဦးကို ငွေကျပ် ၁၀ ဒသမ ၈ သန်း ၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၄၂ ဦးကို ငွေကျပ် ၁၃ ဒသမ ၃ သန်း ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၄ ဦးကို ငွေကျပ် ၁ ဒသမ ၃ သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၆၈ ဦးကို နဝမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၅၆ ဒသမ ၃ သန်းကို ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)