ကျွန်းလှမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြော

ကျွန်းလှ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်၊ ပညာရေးဌာနတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ပိတောက်မြိုင်ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင့်တင့်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဦးဖိုးချိုက ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရက်၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ်အခွင့်အရေး၊ အကြမ်းဖက်မှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုတို့မှ အကာကွယ်ပေးပိုင်ခွင့်၊ ကလေးများဖွံ့ဖြိုးမှုစသည့် ကလေးဆိုင်ရာဥပဒေများ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓါတ်ပုံများစိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)