နတ်မောက် ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမတွင် ယနေ့ နံနက်ပိုင်းက စာအုပ်စာစောင်ချစ်မြတ်နိုးသူ (Book Club)နှင့်ပူးပေါင်း၍ စာရေးဆရာ မိုးပန်းမွန်(ရာမည)၏ “ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး”ဆိုသည့်စကားအတိုင်း ယနေ့လူငယ်လေးများသည် နောင်အနာဂတ်၏ ခေါင်းဆောင်များဟုဆိုလျှင် မှန်မည်ဖြစ်ပါကြောင်း၊ အနာဂတ်ခေါင်းဆောင်များဖြစ်မည့် လူငယ်များအနေဖြင့် မမှားသင့်သည်ကို အမှားအယွင်းမရှိရလေအောင် သိလွယ်၊ နားလည်လွယ်၊ သဘောပေါက်လွယ်သော ခေတ်စကား ခေတ်အသုံးတို့ဖြင့် ဆုံးမစာများကို လေ့လာစေချင်ပါကြောင်း၊ ငယ်စဉ်အခါက ပညာမရှာခဲ့၍ ကြီးလာသောအခါ ဒုက္ခရောက်လျှင် သေသောကာလ၌ လင်းတစားခံရသော “ဗာရဏသီပြည်သူဌေးသားပုံဝတ္တု”ထဲက သူဌေးသားကဲ့သို့မဖြစ်ရလေအောင် မိဘဆရာသမားများ၏ ဆိုဆုံးမမှုများကိုလိုက်နာစေချင်ပါကြောင်း၊ စိတ်သည် အစဉ်မကောင်းမှု၌သာ မွေ့လျော်တတ်သောကြောင့် စိတ်တည်းဟူသော ဆင်ရိုင်းကို ချွန်းတည်းဟူသော ဆုံးမစာများဖြင့်သာ အစဉ်ထိန်းချုပ်ပေးသင့်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါ်သင်းသင်းဝေ(ဒု-ဦးစီးမှူး)က “ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် ”ခေါင်းစဉ်ထဲမှ နိုင်ငံတစ်နိုင်ငံတွင် လူတော်နှင့် လူကောင်း မျှတရန်လိုသည်။ လူတော်များကိုလူကောင်းဖြစ်စေရန် အမွေ (၄)မျိုး ပေးနိုင်သည်။ နှုတ်အပြောအဆိုယဉ်ကျေးခြင်းရှိစေရန်၊ ကိုယ်အမူအရာယဉ်ကျေးခြင်းရှိစေရန်၊ ဝတ်စားဆင်ယင်မှုယဉ်ကျေးခြင်းရှိစေရန်၊ မျိုးချစ်စိတ်ဓာတ်ခိုင်မာစေရန် စသည်တို့ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းသို့ Book Club လူငယ်များ၊ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်ကျောင်းမှ ကျောင်းသား/သူ (၂၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း