ကန့်ဘလူ ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ယင်းသာကျေးရွာ၌ ဒေသခံတောင်သူများ၏ လယ်ယာမြေများကို စက်မှုလယ်ယာအဖြစ် ပြောင်းလဲစိုက်ပျိုးနိုင်ရေး စနစ်တကျလယ်ယာမြေအဖြစ် ဧက ၁၀၀ ဖော်ထုတ်မည်ဖြစ်ရာ ဇန်နဝါရီ ၁၆ ရက်နေ့တွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကွင်းဆင်းတိုင်းတာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
စက်မှုလယ်ယာများဖော်ထုတ်ရာတွင် ထွန်ယက်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းခြွေလှေ့သည်အထိ စက်ကိရိယာများဖြင့် ဆောင်ရွက်ကြရာ၌ စနစ်တကျဖြစ်စေရေးအတွက် လိုအပ်သောမြေ အကျယ်အဝန်းတိုင်းတာခြင်း၊ ကန်သင်းဖျက်ခြင်း၊ ထယ်ထိုးထယ်ချခြင်း၊ မြေညှိခြင်း၊ တစ်သီးမှသည် နှစ်သီးသုံးသီးစိုက်ပျိုးနိုင်ရေးအတွက် ရေသွင်းရေထုတ်စနစ်များ၊ ထွက်ရှိလာသောသီးနှံများကို သယ်ယူရောင်းချနိုင်ရေး ကုန်ထုတ်လမ်းများ စသည်ဖြင့် အဆင့်ဆင့်ဖော်ထုတ်ရမည်ဖြစ်သည်။
ထိုသို့စက်မှုလယ်ယာများဖော်ထုတ်ရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေ သကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ဖော်ထုတ်မည်ဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများ၏ လယ်ယာမြေများကို တစ်ဆက်တစပ်တည်းဖြစ်အောင် ပြန်လည်ပြုပြင်ဆောင်ရွက်ခြင်း၊ ကုန်ထုတ်လမ်း၊ ရေသွင်းရေထုတ်မြောင်းများ၊ ရေတံခါး၊ ရေယူအဆောက်အအုံ၊ ထွန်စက်တက်ဆင်းပြုလုပ်ရာ လမ်းတို့ကို စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်မည်ဖြစ်ရာ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်ကုန်အပြီးဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မောင်ထွန်းက ပြောသည်။
စိုက်ပျိုးလုပ်ကိုင်သူတောင်သူများအနေဖြင့် စက်မှုလယ်ယာစနစ်တွင် စက်ယန္တရားအသုံးပြု၍ စိုက်ပျိုးနိုင်ပါက လုပ်သားရှားပါးမှု အခက်အခဲကို ကျော်လွှားနိုင်ပြီး အချိန်တိုအတွင်း သီးနှံများကို နှစ်သီးသုံးသီး စိုက်ပျိုးနိုင်မည်ဖြစ်သည်။ စနစ်ကျလယ်ယာမြေများသည် ရေထိုင်မြေထိုင်ကောင်း မွန်၍ သမရိုးကျလယ်ယာမြေများထက် သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန်ခြင်း၊ စျေးကွက်သို့ ပို့ဆောင်ရာတွင် လျင်မြန်လွယ်ကူစေခြင်း စသည့်အားသာချက်များရှိကာ ယခုကဲ့သို့ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်နိုင်ခြင်းဖြင့် ဒေသခံတောင်သူများအတွက်ရော စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးတိုးတက်မှုအတွက်ပါ အထောက်အကူပြုနိုင်မှာဖြစ်သည်။
အဆိုပါစနစ်ကျလယ်ယာမြေ ဖော်ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ယင်းသာကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ” ကျွန်တော်တို့ဒေသက လယ်တစ်ကွက်နဲ့တစ်ကွက်ကလည်း ဆက်နေပြီး လယ်ကြားမြောင်းတွေကလည်း ပျောက်ကုန်တယ်။ လယ်ကိုသွားရင် အဝင်လမ်း၊ အထွက်လမ်းလည်း မရှိတော့ သီးနှံစိုက်ပျိုးချိန်ဆို သွားရေးလာရေးခက်သလို လယ်ကြားမြောင်းမရှိတဲ့အတွက် ရေအခက်အခဲလည်းရှိကြပါတယ်။ အခုဖော်ထုတ်ပေးမယ့် လယ်ယာမြေတွေက ကုန်ထုတ်လမ်းတွေ၊ ရေသွင်းမြောင်းတွေ စနစ်တကျပါတဲ့အတွက် စိုက်ပျိုးချိန်မှာ ရေအဆင်ပြေသလို သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပိုပြီးကောင်းမွန်လာမှာဖြစ်ပါတယ် ” ဟု ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ကျေးလက်နေပြည်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိရေးအတွက်ကိုပါ ပိုမိုကျယ်ပြန့်စွာ ဖော်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)