စေတုတ္တရာမြို့နယ်၌ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်

စေတုတ္တရာ ဇန်နဝါရီ  ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ အမှတ်(၁)ရပ်ကွက်အတွင်းရှိ အဆောက်အဦများအား မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၁)ရပ်ကွက်အတွင်းသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးရှိန်းမင်းထက်နှင့် တပ်ဖွဲ့ဝင်များသည် မီးလောင်မှု၊ မီးလှန့်မှုများ မဖြစ်ပွားစေရန်အတွက် သွယ်တန်းထားသော ဝါယာကြိုးများ ခိုင်ခန့်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိမှု၊ မီးလှန့်အချက်ပေးကိရိယာများ လုံလောက်စွာ တပ်ဆင်ထားခြင်းရှိ/မရှိစစ်ဆေးခြင်း၊ ရေကန်များတွင် ရေလုံလောက်စွာထားရှိမှု ရှိ မရှိစစ်ဆေးခြင်းနှင့် လျှပ်စစ်မီးအား သတိထားကိုင်တွယ်ကြရန်နှင့် မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် စနစ်တကျကိုင်တွယ်အသုံးပြုနည်းများကို ရှင်းလင်းပြောကြားပြီး မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်အကြောင်းကြားရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)