တနင်္သာရီမြို့နယ်၊ အ.မ.က-အောက်ကင်းအရှေ့ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

တနင်္သာရီ ဇန်နဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဆင်ခြေဖုန်းကျေးရွာအုပ်စု-အောက်ကင်းအရှေ့ အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၎င်းကျောင်းခန်းမအတွင်း ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှစ၍ စည်ကားစွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ Grade-5 မှ ကျောင်းသား/သူလေးများက လောကမီးအိမ် သီချင်းသီဆို၍ ပညာရေးစုံညီပွဲတော်အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြပြီး အမှတ်(၂) စစ်အုပ်ချုပ်ရေးနယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်က အမှာစကား ပြောကြားပေးပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးက စုံညီပွဲတော်ကျင်းပရခြင်း၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပေးသည်။

ထို့နောက် အ.မ.က-အောက်ကင်းအရှေ့ကျောင်း၏ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းတွင်းကာယ/ဉာဏပြိုင်ပွဲများ၌ အတန်းလိုက်ထူးချွန်ဆုရရှိကြသည့် ကျောင်းသူ/သားများအား ပညာရည်ချွန်ဆု ချီးမြှင့်ခြင်းကို ဆက်လက်ကျင်းပရာ အမှတ်(၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူက Grade-5 မှ ထူးချွန်ဆုရကျောင်းသူ/သားများအား ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးအပ်ပေးပြီး - ပညာရေးစုံညီပွဲတော်အတွက် ချီးမြှင့်ငွေ(၂)သိန်းကို ချီးမြှင့်ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးအောင်က လက်ခံရယူခဲ့သည်။ ထို့နောက် ဆုရကျောင်းသူ/သားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စစ်ဘက်ဆိုင်ရာအရာရှိကြီးများနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ပေးကြသည်။

ထို့နောက် အ.မ.က-အောက်ကင်းအရှေ့မှ အတန်းလိုက်ကျောင်းသား/သူလေးများက တိုင်းရင်းသား ရိုးရာအကများ၊ တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေကြရာ ဗိုလ်မှူးကြီး မျိုးမင်းသူက ကျောင်းသား/သူလေးများ၏ အကအဖွဲ့ (၂၂) ဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၃၃၀,၀၀၀)ကို ချီးမြှင့်ပေးကြောင်း သိရသည်။

အလားတူ ၎င်းကျောင်းသား/သူလေးများ၏ အကအလှများကို နှစ်သက်သဘောကျသဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးဆောင်များ၊ စေတနာ ရှင်များနှင့် ကျောင်းသားမိဘများက ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးကြကာ အခမ်းအနား ပြီးဆုံးခဲ့ကြသည်။

အဆိုပါ ပညာရေးစုံညီပွဲတော်အခမ်းအနားသို့ အမှတ်(၂)၊ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး မျိုးမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေး ဒေါ်အေးအေးနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ အ.မ.က-အောက်ကင်းအရှေ့ကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးအောင်နှင့်ဆရာ/မများ၊ ကျောင်းအကျိုးဆောင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စေတနာ ရှင်အလှူရှင်များ၊ ကျောင်းသူ/သား များ၏ မိဘ/အုပ်ထိန်းသူများနှင့် ကျောင်းသား/သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)