ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာ၌ အမေများနေ့အထိမ်းအမှတ် (၂၄)ကြိမ်မြောက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲ ကျင်းပ

ပွင့်ဖြူ ဇန်နဝါရီ  ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာ၌ ဒေသခံရပ်မိရပ်ဖများက ဦးဆောင်ကာ အမေများနေ့အထိမ်းအမှတ် (၂၄) ကြိမ်မြောက် သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါ သက်ကြီးပူဇော်ပွဲအခမ်းအနားအား အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့် မိခင်တို့၏ မေတ္တာ ကြီးမားမှုကို ထာဝစဉ်လေးစား တန်းဖိုးထား ဂုဏ်ယူတတ်စေရန်၊ မြန်မာ့ဓလေ့ ယဉ်ကျေးမှုအစဉ်အလာဖြစ်သော ဂါရဝတရားထားရှိမှု အလေ့အကျင့်များရရှိစေရန်၊ အမျိုးဂုဏ်မြင့်မားရေးအတွက် ကောင်းမွေအကျင့်စရိုက်အား လက်ဆင့်ကမ်းထိန်းသိမ်းတတ်စေရန်စသည့် ရည်ရွယ်ချက်ဖြင့်ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် (၂၄)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း ယင်းသက်ကြီးပူဇော်ပွဲအခမ်းအနားတွင် အပူဇော်ကန်တော့ခံ အဘိုး ဦးမြင့်ဆွေက ဆုံးမဩဝါဒစကား ချီးမြှင့်ပြောကြားသည်။

ထို့နောက် သက်ကြီးပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက အမေများနေ့အထိမ်းအမှတ် အပူဇော်ကန်တော့ခံ သက်ကြီးအဘိုးအဘွား(၃၁)ဦးကို လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်‌တော့ခဲ့ကြကာ အဘိုး ဦးစိန်ဝင်းက နိဂုံးချုပ် ဆုံးမဩဝါဒစကား ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)