ကန့်ဘလူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကွန်ပျူတာအခြေခံသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

ကန့်ဘလူ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဥ်  (၁/၂၀၂၅) ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ကျင်းပကြောင်း သိရသည်။

အဆိုပါကွန်ပျူတာအခြေခံသင်တန်းဖွင့်ပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဒေသတွင်းလူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ပေးမှုဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းစည်းကမ်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာ ဦးမျိုးကိုကိုအောင်က သင်တန်းတွင် သင်ကြားပေးမည့်ဘာသာရပ်များ နှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။

ကွန်ပျူတာအခြေခံသင်တန်းတွင် သင်တန်းသားသင်တန်းသူ ၁၀ ဦးတက်ရောက်၍ သင်တန်းကာလ တစ်လကြာသင်ကြားပေးမည်ဖြစ်ပြီး အခြေခံကွန်ပျူတာပညာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် ယမန်နှစ်က ကွန်ပျူတာအခြေခံသင်တန်းများကို (၇) ကြိမ်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းသားသင်တန်းသူ ၇၀ ဦးတို့ကို အောင်မြင်စွာသင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)