မုံရွာ ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီး နမ့်ပငချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် နမ့်ပငအသေးစားရေအားလျှပ်စစ်စီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေးမှ လက်ထောက်ညွှန်ကြားရေးမှူးမှ နမ့်ပငအသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ Powerf Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သက်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေးကောင်းမွန်စွာ တည်ဆောက်ပြီးစီးရေး၊ ဘဏ္ဍာနှစ်အလိုက်ရရှိသည့်ရန်ပုံငွေအပေါ် စနစ်တကျသုံးစွဲကာ သက်မှတ်ချိန်အမီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့အားမှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နမ့်ပင အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း၌ တည်ဆောက်နေသည့် ပင်မတမံ ကွန်ကရစ်သွန်းလောင်းပြီးစီးမှုနှင့် ရေယူအဆောက်အဦဆောက်လုပ်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းသုံး ကျောက်နှင့်သဲထုတ်လုပ်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ နမ့်ပငအသေးစား ရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင်တည်ရှိ၍ Concrete Gravity Dam တမံအမျိုး အစားဖြစ်ပြီး တပ်ဆင်စက်အင်အားမှာ ၆ မဂ္ဂါဝပ်ဖြစ်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား - ၃၄.၆၈ သန်းကီလိုဝပ်နာရီ ပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းများအားလုံး၏ ၅၆.၃ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းသို့ရောက်ရှိရာ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ရာ ကျောင်းအုပ်ကြီးက သင်ကြားစီမံရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ကျောင်း၏လိုအပ်ချက်များအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စားရေရိက္ခာလုံလောက်စွာရရှိရေးသည် လူသားတိုင်းအတွက် အခြေခံလိုအပ်ချက်ဖြစ်ပါ၍ ၄င်းလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်မည့် အသိ၊ အတတ်ပညာများကို သင်ကြားခွင့်ရသည့် ကျောင်းသား/သူများအနေဖြင့် ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားလေ့ကျင့်ကာ ဒေသနှင့်တိုင်းဒေသကြီးအား အလုပ်ကျွေးပြုနိုင်သည့် စိုက်ပျိုးရေး၊မွေးမြူရေးပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ပညာသင်ကြားပြီးပါက ဌာနဆိုင်ရာနှင့် မိမိကိုယ်ပိုင်စိုက်ပျိုးမွေး မြူရေးလုပ်ငန်းများကိုဆောင်ရွက်ကာ တိုင်းပြည်အတွက် စားရေရိက္ခာပေါများရေးကို အထောက်အကူပြုသူများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းအုပ်ကြီးနှင့်ကျောင်းသား/သူများ ထံစားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ကွင်းအမှတ် ၆၄ ဟုမ္မလင်းကွင်းရှိ တောင်သူဦးသန်းဝင်းစိုက်ပျိုးသည့် နွေစပါး ၁၀ ဧကအား တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် သဘာဝမြေသြဇာနှင့် မြေသြဇာရောနှောကြဲပတ် ခြင်းသရုပ်ပြပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့် ဒေသခံတောင်သူများက နွေစပါးအထွက်နှုန်းတိုး တက်ရေးအတွက် သဘာဝမြေသြဇာနှင့် မြေသြဇာရောနှောကြဲပတ်ခြင်း သရုပ်ပြသမှုအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သရုပ်ပြပွဲသို့တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား စိုက်ပျိုးရေးသွင်းအားစုများနှင့် ပိုးသတ်ဆေးဖျန်းပုံးများပေးအပ်ကာ ခေါင်ခမ်းအင်းအနီး ကွင်းအမှတ် ၆၄ ဟုမ္မလင်းကွင်းတွင် နွေစပါး ၃၇၆ ဧကစိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)