မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဝဲဒေါင့်(ဝက်ကွင်း)ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၌ ယနေ့နံနက်(၁၀)နာရီတွင် ကျင်းပသည်။
အခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ် ဝဲဒေါင့် (ဝက်ကွင်း) ကျေးရွာ အ.ထ.က (ခွဲ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်စုမွန်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နုနုအေးက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာ၌ “ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့စကားအတိုင်း နိုင်ငံတော်၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေနဲ့ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်လာစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူငယ်မျာအနေဖြင့် အသိပညာဗဟုသုတ များရရှိ၍အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက်” လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း စတင်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူများအဖြစ် Grad- 12 မှ ကျောင်းသား မောင်အေးချမ်းဝသုန်အောင်က " လူငယ်နှင့်ယုံကြည်မှု" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade- 12 မှ ကျောင်းသား စိုးမင်းသူ "လူငယ်နှင့်ရှင်သန်ခြင်း" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade - 12 မှ ကျောင်းသား မောင်စိုင်းထက်သူ "လူငယ်နှင့်အိမ်မက်အနာဂတ်" ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade - 11 မှ ကျောင်းသူ မဖြူစင်ဝင်းက "လူငယ်နှင့် စာပေ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade - 11 မှ ကျောင်းသူ မရွှန်းလဲ့ရီက "ပညာဘဏ်တိုက်စာကြည့်တိုက်" ခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါအခမ်းနားသို့ ကျောင်းသား/သူများ (၂၆၈) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)