ကြံခင်းမြို့နယ် အခြေခံပညာမူလတန်း  မူလွန်မြို့မတောင်ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကြံခင်း ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ် အခြေခံပညာမူလတန်း မူလွန်မြို့မတောင်ကျောင်းတွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါကျောင်းဝန်းအတွင်း ကျင်းပခဲ့သည်။

အခမ်းအနားကို အခြေခံပညာမူလွန်မြို့မတောင်ကျောင်းမှ ကျောင်းသား/သူလေးများက"ကြိုဆိုပါသည် စုံညီပွဲတော်"တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊  မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးဌေးဦးက အဖွင့်အမှာစကားပြောကြားရာတွင်  ပညာရေးကဏ္ဍ မြင့်မားစေရေး၊  ဘက်စုံထူးချွန်သော ကျာင်းသားလူငယ်များ ဖြစ်လာစေရေးအတွက် ပညာရေးစုံညီပွဲတော်များကျင်းပကာ ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန်ထက်မြက်သော  ကျောင်းသား/သူများကို ချီးမြှင့်ဂုဏ်ပြုသောပွဲဖြစ်ပြီး ဆုရသူများအတွက် ဂုဏ်ယူပါကြောင်း ပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။

ဆက်လက်ပြီး  ဆုများချီးမြှင့်ပေးအပ်ရာ ခရိုင်အဆင့် ဉာဏဆု(၁၇)ဆု၊  စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ (မူလတန်းဆင့်) ကဗျာရွတ်ဆိုပြိုင်ပွဲတွင် (ပထမဆု)နှင့် (အထူးဆု)ရရှိသော(Grade-1)မှ ကျောင်းသူမနွေးသဉ္ဇာပိုင်နှင့် မဆုလဲ့ငြိမ်းခင်တို့အားလည်းကောင်း၊  မြို့နယ်အဆင့်ဉာဏပြိုင်ပွဲဆု(၁၀)ဆု၊ ကျောင်းတွင်းကာယ၊ ဉာဏပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား/သူ (၉၁)ဦးတို့အားလည်းကောင်း၊ သင်ကြားရေးထူးချွန်ဆု(၂)ဆု၊ အာဟာရအလှူရှင်များနှင့် ကျောင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်သောဆုများကို တာဝန်ရှိသူများက ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ကြပြီးနောက်၊ ကျောင်းအကျိုးတော်ဆောင် ကော်မတီအဖွဲ့ဝင် ဒေါ်ယမင်းခင်က  ကျောင်းဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး  ကျေးဇူးတင်စကားပြောကြားပါသည်။ ယင်းနောက် ကျောင်းသား/သူများက  ပဒေသာကပွဲများဖြင့် ကပြဖျော်ဖြေကြသည်။

ပညာရေးစုံညီပွဲတော်သို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးဌေးဦးနှင့် တာဝန်ရှိသူများ၊  အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမကြီးများ၊ အခြေခံပညာမူလတန်းမူလွန် မြို့မတောင်ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးခိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီအဖွဲ့ဝင်များ၊  ဆုရကျောင်းသား/သူများနှင့်  ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)