ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဟားခါး ဇန်နဝါရီ ၁၃

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဆရာများသည် တပည့်များအား ပညာတတ်မြောက်အောင် သင်ကြားပေးကာ အသိအမြင်၊ ဗဟုသုတများရရှိအောင် လမ်းညွှန်ပြသရန်လိုအပ်သကဲ့သို့ စည်းကမ်းလိုက်နာတတ်သော နိုင်ငံသားများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေး ရန်လိုအပ်ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းသော နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် ဥပဒေကို လူတိုင်းသိရှိလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ကျောင်းသား၊ ကျောင်းသူများ ဥပဒေပိုင်းဆိုင်ရာအသိအမြင်များရရှိနိုင်ရေး ဥပဒေပညာရပ်ကို တက္ကသိုလ်များတွင် သင်ကြားပေးလျက်ရှိသကဲ့သို့ Grade 11 နှင့် Grade 12 အတန်းများတွင် ဥပဒေပိုင်းဆိုင်ရာအခြေခံအသိအမြင်များကို သင်ကြားပို့ချပေးကြရမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ခဲ့ပါကြောင်း၊ နိုင်ငံဟူသည် ဥပဒေနှင့် လွတ်ကင်း၍မတည်ရှိနိုင်၊ ဥပဒေမရှိကနိုင်ငံသည်လည်း ရပ်တည်နိုင်မည် မဟုတ်ဆိုသည့်အတိုင်း မိမိတို့နိုင်ငံ၊ မိမိတို့ပြည်နယ် အဓွန့်ရှည်ကြာရပ်တည်နိုင်အောင် ဥပဒေကမရှိမဖြစ် လိုအပ်သကဲ့သို့ ဥပဒေနှင့်လွတ်ကင်းသည့် နယ်ပယ်မရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် လိုက်နာရမည့် ဥပဒေများကို သိရှိ နားလည်ရန်လိုအပ်ပါကြောင်း၊ ဥပဒေအမည်၊ ပုဒ်မနှင့်အသေးစိပ်များ သိရှိရန်မလိုဘဲ နေ့စဉ်လုပ်ကိုင်နေကြရာတွင်ဆောင်ရန် ၊ ရှောင်ရန်တို့ကို မဖြစ်မနေသိရှိထားရန်သာ လိုအပ်ကြောင်း ၊ ထို့ကြောင့် Grade 11 နှင့် Grade 12 အတန်းများတွင် ဥပဒေပိုင်းဆိုင်ရာအခြေခံအသိအမြင်များ သင်ကြားပို့ချပေးနိုင်ရန်အတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (Training of Trainer) သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သင်တန်းတွင်ပို့ချမည့် ဥပဒေအသိပညာသင်ရိုးညွှန်းတမ်းများကို ပြည်နယ်ဥပဒေ ချုပ်က ပေးအပ်ရာ ချင်းပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဗန်ရိုထန်က လက်ခံရယူသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတက်ရောက်မည့် ဆရာ၊ ဆရာမများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)