၂၀၂၅-ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် ပါဝင်ပြသမည့် ပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ ရိုးရာအကပဒေသာများ၊ ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

လဟယ် ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ် ရွှေပြည်သာအားကစားကွင်း၌ ယနေ့နံနက်ပိုင်းက ၂၀၂၅-ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် အကြိုပြင်ဆင်ထားရှိမှု အခြေအနေများအား တိုင်းဒေသကြီးအဆင့်ဝန်ကြီးများက ကြည့်ရှုစစ်ဆေးခဲ့သည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်အား ၂၀၂၅-ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့ မုခ်ဦးဖွင့်ပွဲနှင့် (၁၅)ရက်‌နေ့တွင် ပွဲတော်ဆောင်ရွက်ကျင်းပမည်ဖြစ်ပြီး ပွဲတော်မတိုင်မီ ဆောင်ရွက်ထားရှိမှုအခြေအနေအား တိုင်းဒေသကြီးအဆင့်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဒေသအဆင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပွဲတော်အတွင်း မုခ်ဦးဆောင်ရွက်ထားရှိမှု၊ ဘင်ခရာနှင့် ပန်းပွားအဖွဲ့များ၏‌ လေ့ကျင့်‌နေမှုများ၊ နာဂရိုးရာတိုင်းရင်းသားများ၏ အကလေ့ကျင့်နေမှုများ၊ ရိုးရာပန်တုံးတီးခေါက်မည့်အစီအစဉ်၊ ဌာနဆိုင်ရာပြခန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများယှဉ်ပြိုင်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

၂၀၂၅ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်တွင် နာဂတိုင်းရင်းသားများ၏ အကပဒေသာများ၊ ဌာနဆိုင်ရာများ၏ ပြခန်း(၇)ခန်း၊ ပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ နာဂရိုးရာမီးပုံပွဲများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

လဟယ်(ပြန်/ဆက်)