ကျုံပျော် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၊ ကုန်းသာကြီးကျေးရွာအုပ်စု၊ ကြံလဟာကျေးရွာတွင် လင်းရောင်ခြည်စာကြည့်တိုက်ဖွင့်ပွဲကို အခြေခံပညာမူလတန်းလွန်ကျောင်း ကုန်းသာကြီး (၁) ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ဦးစွာ စာကြည့်တိုက်ကို အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဆရာတော် ဘဒ္ဒန္တတေဇိန္ဒာသဘ (သဒ္ဓမ္မသီတဂူ သာသနာ့ရိပ်သာ ပုသိမ်မြို့)၊ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ ဒုမြို့နယ်ပညာရေးမှူး ဦးသိန်းစိုးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်/သံ ကျွမ်းကျင်-၃ ဦးစောလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် စာကြည့်တိုက်တွင်အသုံးပြုရန် စာအုပ်စာစောင်များနှင့် ဆိုလာမီးတို့အား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများကလှူဒါန်းရာ ဆရာတော်က လက်ခံရယူခဲ့ပြီး၊ စာကြည့်တိုက်အတွင်း ကလေးများ စာပေဖတ်ရှုနေမှုအား ကြည့်ရှူအားပေးကြသည်။
အဆိုပါစာကြည့်တိုက်ဖွင့်ပွဲသို့ ဆရာတော်သံဃာတော်များ၊ ကျုံပျော်ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ကျေးရွာပြည်သူ (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး၊ စာကြည့်တိုက်ကို ဆရာတော်မှ ဦးဆောင်ကာ အလျှား ၂၂ပေ အနံ ၁၈ ပေ၊ အမြင့် ၂၀ ပေ ၊ အုတ် သွပ်မိုးအဆောက်အဦ လှူဒါန်းခဲ့ခြင်းဖြစ်ကာ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာပြည်သူများ စာပေဖတ်ရှူနိုင်ရန် ဆောက်လုပ်လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)