ကလေးစာပေပွဲတော် (မြန်အောင်) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်

မြန်အောင် ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေး စာပွဲတော် (မြန်အောင်) စည်ကားသိုက် မြိုက်စွာကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်က ဟင်္သာတခရိုင် ၊ ခရိုင်ခေတ္တအုပ်ချုပ်ရေးမှူး ဦးသန်းအေးဆွေက ပွဲတော်ကျင်း ပမည့် အ-ထ-က(၂) မြန်အောင် (နေခြည်) ကျောင်းဝန်းအတွင်း ပြခန်းများ၊ ပြိုင်ပွဲအခန်းများ၊ ကစားပွဲ ကျင်းပမည့်နေရာ ပြင်ဆင်နေမှုနှင့် ဖွင့်ပွဲကျင်းပမည့် မုခ်ဦးနေရာ၊ ဖွင့်ပွဲအခမ်းအနား ခန်းမနေရာများ ပြင်ဆင်နေမှုတို့ကို ကြည့်ရှုရာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်နှင့် ပွဲတော်ကျင်းပရေး ကော်မတီတာဝန်ရှိသူများက လုပ်ငန်းကော်မတီတစ်ခုချင်းအလိုက် ကြိုတင် ပြင်ဆင်ဆောင်ရွက်‌နေသည့် လုပ်ငန်းများကို ရှင်းလင်း‌တင်ပြခဲ့ကြသည်။

အဆိုပါပွဲတော်အား ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် အ-ထ-က (၂) မြန်အောင် (နေခြည်‌) ကျောင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်အောင်မြို့နယ် အတွင်းရှိ ကျောင်းသား လူငယ်များ လာရောက် ပါဝင်ဆင်နွှဲနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။ ကလေးစာပေပွဲတော် (မြန်အောင်)တွင် ပြခန်းများ၊ ပြိုင်ပွဲနှင့်ကစားပွဲများ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲ၊ စာပေဟောပြောပွဲနှင့် စာပေဆွေးနွေးပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်၊ အရုပ်ဆက်၊ အိမ်ဆောက် ကစားနည်းများ၊ ဂိမ်းကစားနည်းများ၊ ဖျော်ဖြေရေး အစီအစဉ်များ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်းနှင့် ရဲတပ်ဖွဲ့ပြခန်း၊ မြန်အောင် ရေနံမြေပြခန်း၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (မြန်အောင်မြို့) ပြခန်း၊ မွေးမြူ‌ရေးနှင့် ကုသရေးဦးစီးဌာန/ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာန ပြခန်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ပြခန်း၊ ကျန်းမာရေးဦးစီးဌာန ပြခန်း ၊ ပညာရေးဌာန ပြခန်း၊ ကလေးစာဖတ်ခန်းနှင့် စာအုပ်အရောင်းဆိုင်များ ထည့်သွင်း ကျင်းပသွားမည်ဖြစ်၍ မည်သူမဆိုလာရောက်ပါဝင် ဆင်နွှဲနိုင်ကြောင်း သိရသည်။

ဝင်းဗိုလ် (မြန်အောင်)