ချောက် ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ချောက်/လမ်းရွာရေနံမြေရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်နိုင်ရေး အကြို အခြေခံမီးသတ်သင်တန်း (၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ချောက်/လမ်းရွာ ရေနံမြေလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းကျောင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာချောက်/ လမ်းရွာရေနံမြေသင်တန်သားဝန်ထမ်းများအနေဖြင့် မိမိတို့တက်ရောက်သည့် အခြေခံမီးသတ်ပညာသင်တန်းကို အလေးထားတက်ရောက်ရန်၊ မိမိဌာန၊ မိမိမြို့မီးဘေးလုံခြုံရေးအတွက် ကြိုးစားသင်ယူပြီး မိမိရပ်ရွာတွင်လည်းသတိပေး၊ အသိပေးပြန်လည်မျှဝေခြင်းများဆောင်ရွက်ကြရန် ထည့်သွင်းပြောကြားခဲ့ပြီး မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ချောက်/လမ်းရွာရေနံမြေ အထွေထွေမန်နေဂျာ ဦးရဲနိုင်မှ လုပ်ငန်းခွင်၊ အလုပ်ရုံ၊ စက်ရုံများတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့လောင်ကျွမ်းပါက မီးသတ်ဆေး၊ ဖုန်းဆေးဖြင့် စနစ်တကျငြိမ်းသတ်နိုင်ရေး၊ မီးလောင်လျှင် အခြေခံကျကျငြိမ်းသတ်နိုင်ရေးအတွက် နည်းပြသင်တန်းဆရာများ၏ စာတွေ့/လက်တွေ့ သင်ကြားမှုများကို ကြိုးစားပြီးသင်ယူကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်းဦးဆောင်၍ ဒုမီးသတ်ဦးစီးမှူး ဦးဇင်မျိုးသန့်၊ တပ်ကြပ်ကြီး ဇော်ဟိန်း၊ တပ်ကြပ်ကြီး နေလင်းမောင်၊ တပ်ကြပ် အာကာကျော်ထက်တို့က ချောက်/လမ်းရွာရေနံမြေဌာနဆိုင်ရာဝန်ထမ်းအား အခြေခံမီးသတ်ပညာပိုက်လိပ်/ ခေါင်းသင်ခန်းစာ၊ (မီးသတ်ဆေးဗူးအမျိုးမျိုး)အား စာတွေ့သင်ကြားခြင်း၊ အခြေခံကြိုးချည်နည်း၊ အမြှုပ်မီးသတ်ဆေးရည်အသုံးပြုပုံ(စာတွေ့)၊ စက်ကြီး၊ စက်လေးဖြင့် လေ့ကျင့်အသုံးပြုပုံ၊ Wet Drill Exercise ရေစိုလေ့ကျင့်ခန်း၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေစသည့် ပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်သည်။
သင်တန်းကို ဇန်နဝါရီလ ၁၃ ရက်နေ့မှ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ (၂)ပတ်ကြာ စာတွေ့/လက်တွေ့ နေ့စဥ်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)