ပခုက္ကူ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဖြန့်ဝေရာတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့် ဝန်ထမ်းများက ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမားများဖြစ်ရခြင်း အကြောင်းရင်းများ၊ ကလေးအလုပ်သမားများ အများဆုံးတွေ့မြင်ရသည့် အလုပ်ဌာနများနှင့် အလုပ်အကိုင်အမျိုးအစားများ၊ ကလေးအလုပ်သမားအခွင့်အရေးများနှင့် ဥပဒေပြဋ္ဌာန်းချက်များ၊ ကလေးငယ်များအား အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေသည့် ဆိုင်များနှင့် အလုပ်ဌာနများကို အရေးယူနိုင်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းဆောင်ရွက်ရမည့်အကြောင်းအရာများ ပါဝင်သော ဖန်ခါးမြေအသိပညာပေးလက်ကမ်းစာစောင်များကို ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများထံ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)