ပွင့်ဖြူမြို့နယ်၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပွင့်ဖြူ ဇန်နဝါရီ ၁

ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးလုံခြုံရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်၏ ကြီးကြပ်မှုဖြင့် ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကိုလတ် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ အိမ်ခြေ(၁၀၀)၊ အိမ်ထောင်စု(၁၂၀)စုအား တစ်အိမ်တက်ဆင်း သွားရောက်ကာ ပွင့်လင်းရာသီချိန် ရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထား ဆောင်ရွက်ကြရန်၊ လျှပ်စစ်မီးများ အသုံးပြုရာတွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် စနစ်တကျ ကိုင်တွယ်သုံးစွဲကြရန်၊ ထင်း/မီးသွေးမီးဖိုများဖြင့် ထမင်း၊ ဟင်းများ ချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များကို သေချာစွာငြှိမ်းသတ်ထားရှိရန် စသည့် မီးဘေးလုံခြုံရေးဆိုင်ရာ လိုက်နာရမည့်အချက်များကို ဒေသခံပြည်သူများအား အသိပညာပေး ဆွေးနွေးပြောကြားပြီး လူနေအိမ်များတွင် မီးဘေး လုံခြုံစိတ်ချရမှု ရှိ/မရှိ စနစ်တကျ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးလောင်မှု/မီးလန့်မှု ဖြစ်စဉ်များ လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ဥပဒေပုဒ်မ ၁၆ (က)အရ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် မီးဘေးလုံခြုံရေး ကြပ်မတ်စစ်ဆေးခြင်း၊ စက်သုံးဆီအရောင်းဆိုင်များနှင့် စည်ပင်သာယာဈေးများတွင်  မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပြုခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က ပြောကြားသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )