လိပ်သို ဇန်နဝါရီ ၁၃
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်လူငယ် ကျောင်းသား/ ကျောင်းသူများ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူငယ်ပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များ၊ စာပေသည် အသိပညာ၊ ဉာဏ်ပညာကို တိုးပွားစေ၍ ဘဝလမ်းကို တည့်မတ်ပေးနိုင်သော လူငယ်ထု၏ ရှေ့ဆောင်လမ်းပြဖြစ်ကြောင်း၊ စာဖတ်သောလူမျိုးတိုင်း တိုးတက်ကြီးပွား၍ တိုးတက်ကြီးပွားသော လူမျိုးတိုင်း စာဖတ်ကြကြောင်း၊ စာဖတ်ခြင်းဖြင့် ရသပေါင်းများစွာ ရရှိခံစားနိုင်သည့်အပြင် ဆင်ခြင်တွေးခေါ်မှုအတတ်ကိုလည်း ရရှိပိုင်ဆိုင်နိုင်သဖြင့် စာပေများ ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အသိပညာဗဟုသုတများနှင့် စပ်လျဉ်း၍ ပညာပေးဟောပြောခဲ့သည်။
ထို့နောက် အထွေထွေဗဟုသုတ သိမှတ်ဖွယ်ရာများ နံရံကပ်စာစောင် ပြသထားရှိမှုအား ကျောင်းသား /ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သား၍ သိလိုသည်များအား မေးမြန်းရာ မြို့ဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်