ဇလွန် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ (၂၀၂၄-၂၀၂၅)ခု ဘဏ္ဍာရေးနှစ်အတွက် လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ချီးမြှင့်ငွေစတင်ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ပေးအပ်ခဲ့သည်။
ထိုသို့ ပေးအပ်ချီးမြှင့်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဇလွန်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား တစ်လလျှင် ချီးမြှင့်ငွေကျပ် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ပေးအပ်ချီးမြှင့်လျက်ရှိရာ ယခုအခါ (၂၀၂၄-၂၀၂၅) ခု ဘဏ္ဍာရေးနှစ်အတွက် ပေးအပ်ခြင်းဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့မိုးနှင့် တာဝန်ရှိသူများက အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၀၇၉)ဦးအတွက် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ပေးအပ်ချီးမြှင့်ငွေ ကျပ်သိန်း ( ၉၃၉၃၀၀၀၀ )နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးငယ်(၃၇၇၀)ဦးအတွက် စုစုပေါင်း ပေးအပ်ချီးမြှင့်ငွေ (၃၀၂၈၂၀၀၀၀)ကို သက်ဆိုင်ရာ ကိုယ်စားလှယ်များထံသို့ မြန်မာ့စီးပွားရေးဘဏ်တွင် စတင်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)