ပခုက္ကူ ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)မြို့မစည်ပင်သာယာဈေးကြီး၌ ယနေ့နံနက် ၈ နာရီအချိန်က ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းနှင့် ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် ဈေးရုံကိုယ်စားလှယ်များပူးပေါင်း၍ အမှတ်(၁)မြို့မစည်ပင်သာယာဈေးကြီး အတွင်း/အပြင်ရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ စွန့်ပစ်ပစ္စည်းလျှော့ချရေးဆိုင်ရာ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်းအစီအစဉ်များ၊ ပလတ်စတစ်အစားထိုးပစ္စည်းများ၊ သန့်ရှင်းလတ်ဆပ်သော အသား/ငါး၊ အသီးအရွက်နှင့် စားသောက်ကုန်ပစ္စည်းများရောင်းချရေးနှင့် ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်မှုအား အလေးထားဆောင်ရွက်ရေးတို့ကို အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။
ယင်းနောက် ဈေးရောင်းဈေးဝယ်ပြည်သူများထံ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးနှင့် ပလတ်စတစ်လျှော့ချသုံးစွဲရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် ငှက်ပျောဖက်၊ အင်ဖက်၊ ကြာဖက်၊ စက္ကူစသည့် ပလတ်စတစ်အစားထိုးပစ္စည်းများကို လိုက်လံဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)