စစ်ကိုင်း၊ ဇန်နဝါရီ-၁၃
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ဇန်နဝါရီလ (၁၃) ရက်၊ နံနက် (၁၀) နာရီအချိန်က စစ်ကိုင်းမြို့၊ အမှတ် (၁၃) ၊ အခြေခံပညာမူလတန်းကျောင်း (ထုံးဘို) တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာ၊ ဗဟုသုတများ ပြည့်စုံစေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်အတွက် စာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုကြရေး၊ ငယ်စဉ်ကပင် စာဖတ်သည့်အလေ့အကျင့်ကောင်းများကို ပျိုးထောင်ကြရေး၊ အနာဂတ်တွင် နိုင်ငံတော်က အားထားရသည့် မျိုးဆက်သစ်လူငယ်လေးများ ဖြစ်လာစေရေးစသည့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက ကလေးအလုပ်သမား၏ အဓိပ္ပါယ်၊ ကလေးအလုပ် သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန် ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားနှင့်စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များစသည့် သိကောင်းစရာများကို ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲတို့ကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)