မြို့သစ် ဇန်နဝါရီ ၁၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးလောင်မှုဖြစ်ပွားခြင်းမရှိစေရေးအတွက်ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးသို့သွားရောက်၍ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေလင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြို့မဈေးကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပစ္စည်းများထားရှိမှု၊ မီးသတ်ရေကန်ဖြည့်တင်းထားရှိမှု၊ မီးသတ်ယာဉ် ဝင်/ထွက်သွားလာနိုင်ရေးအတွက် ရှင်းလင်းထားရှိမှုနှင့် ဈေးဆိုင်ခန်းများတွင် မီးသတ်ဆေးဘူးများထားရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)