ညောင်တုန်း ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီနှင့် ခရိုင်အတွင်းရှိ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ)များ လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး အားလုံးကတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး ခရိုင်အတွင်းရှိ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများက မြို့နယ်အလိုက် စိုက်ပျိုးပြီးစီးမှုအခြေအနေများနှင့် လျာထားဧကပြည့်မီရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ နေကြာပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် အထောက်အကူပြု ပျားမွေးမြူရေးကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များသည် ညောင်တုန်းမြို့နယ်အတွင်း စိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံ(နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)