ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၃၄၄၈၀ ဧက စိုက်ပျိုးပြီးစီး

ကျွန်းလှ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၃၄၄၈၀ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ကျွန်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၁၃၈၉၆ ဧက၊ နှမ်း ၁၄၀၃၃ ဧက၊ နေကြာ ၁၂၃၆ ဧက၊ ပန်းနှမ်း ၅၃၄၂ ဧက၊ မုံညှင်းစေ့ ၃၅၇ ဧက စုစုပေါင်း ၃၄၈၆၄ ဧက စိုက်ပျိုးရန်လျာထားသည်။

“ဒီနှစ် ဆောင်းရာသီမှာ ဆီထွက်သီးနှံစိုက်ပျိုးဖို့ ၃၄၈၆၄ ဧကလျာထားပြီး လက်ရှိအချိန်ထိ ၃၄၄၈၀ ဧက စိုက်ပျိုးပြီးဖြစ်ပါတယ်။ တောင်သူတွေ လယ်ရိတ်သိမ်းပြီး သီးထပ်အဖြစ် နေကြာစိုက်ပျိုးဖို့ ပြင်ဆင်နေကြပါတယ်။ ဒေသရာသီဥတုနဲ့ကိုက်ညီပြီး အထွက်နှုန်းကောင်းမျိုးများ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေးအတွက် ကွင်းသရုပ်ပြပွဲနဲ့ ပိုးမွှားကင်းစင်ရေး ကွင်းဆင်းအသိပညာပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီကပြောသည်။

ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံစိုက်ပျိုးပြီးစီးမှုအဖြစ် မြေပဲ ၁၄၂၃၉ ဧက၊ နှမ်း ၁၄၀၃၆ ဧက၊ နေကြာ ၅၂၃ ဧက၊ ပန်းနှမ်း ၅၃၁၇ ဧက၊ မုံညှင်းစေ့ ၃၆၅ ဧက စုစုပေါင်း ၃၄၄၈၀ ဧက ( ၉၈ ဒသမ ၈၉) ရာခိုင်နှုန်း စိုက်မျိုးပြီးဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ