လွိုင်ကော် ဇန်နဝါရီ ၁၃
မြန်မာနိုင်ငံရှိ ပြည်နယ်များတွင် သက်ဆိုင်ရာပြည်နယ်အလိုက် တိုင်းရင်းသားများ၏ ပြည်နယ်နေ့အခမ်းအနားများကို သတ်မှတ်ထားရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့သည် ကယားပြည်နယ်၏ (၇၃)နှစ်မြောက်ဖြစ်သည်။ အဆိုပါ ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာများနှင့် MSME ပြခန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာများနှင့် MSME ပြခန်းများအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းရင်းသားရိုးရာအကအဖွဲ့များနှင့် ပန်းပွားအကအဖွဲ့တို့၏ ကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးကာ ကပြဖျော်ကြသည့် ကယားတိုင်းရင်းသား ရိုးရာအကအဖွဲ့၊ အခြေခံပညာကျောင်းများမှ ပန်းပွားအကအဖွဲ့နှင့် ကယားတိုင်းရင်းသား မျိုးနွယ်စု(၉)မျိုးအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် ခင်းကျင်းပြသထားသည့် ဗဟိုပြခန်း၊ MSME ပြခန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ သစ်တောနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးပြခန်းများနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုပြခန်းများနှင့် ကယားရိုးရာအစားအစာနှင့် ရိုးရာအဝတ်အထည် ပြခန်းများအား လှည့်လည်ကြည့်ရှုရာ သက်ဆိုင်ရာ ပြခန်းတာဝန်ခံများက ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ကယားပြည်နယ်၏ MSME ထွက်ကုန်များဖြစ်သော ကယားဝက်အူချောင်း၊ မက်ခါသီးထောင်း၊ အစေ့ထုတ်ပြောင်းနှင့် ကယားရိုးရာအထည်ရက်လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု သရုပ်ပြရှင်းလင်းတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး အစားအသောက်၊ အဝတ်အထည်များ၏ ထုပ်ပိုးမှုပုံစံများနှင့် အရည်အသွေးယခုထက်ပိုမိုကောင်းမွန်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းရှင်များနှင့် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့သည်။
(၇၃)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် ဌာနဆိုင်ရာနှင့် MSME ပြခန်း(၁၆)ခန်း၊ ကယားရိုးရာအစားအစာနှင့် ရိုးရာအဝတ်အထည်အရောင်းဆိုင်တို့အား ခင်းကျင်းပြသလျက်ရှိပြီး ပွဲတော်ကာလတစ်လျှောက် နေ့စဉ်ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)