မင်းဘူးမြို့၌ အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း ကျင်းပ

မင်းဘူး ဇန်နဝါရီ ၁၂

မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရှင်သန်ခိုင်မာစေရေးတို့ကို ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာဆင့်ပွား သင်တန်းကို ယနေ့နံနက် (၁၀) နာရီခွဲက ခရိုင်ရုံး (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က ကျောင်းသားလူငယ်များ အပါအဝင် ဒေသခံပြည်သူများ စာပေကို ပိုမိုဖတ်ရှုလေ့လာကြရေး၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရေး၊ အသိပညာဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စာကြည့်တိုက်များ၏ ရှင်သန်ရေးအခန်းကဏ္ဍသည် လွန်စွာအရေးကြီးပါကြောင်း၊ စာကြည့်တိုက်များ စနစ် တကျ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုလိုအခြေခံ စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ဆက်လက်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က စာကြည့်တိုက်များ၏ အခြေခံသဘော တရားများဖြစ်သော စာအုပ်စာစောင်များ ပျောက်ရှမှုနည်းစေရေး၊ စနစ်တကျငှားရမ်းရေးနှင့် စာငှား၊ စာဖတ်လယ်ဂျာစာအုပ်များထားရှိကာ စာရင်းသွင်းမှတ်တမ်းတင်ထားရှိရေးတို့ကို ဆွေးနွေးပြောကြားသည်။ ထိုစာကြည့်တိုက်သင်တန်းသို့ မြို့နယ်အတွင်း စာကြည့်တိုက် ၁၂ တိုက်မှ စာကြည့်တိုက်မှူးများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။             

ဇေယျာနိုင်(ရွှေကန်မြေ)