ဖြူး ဇန်နဝါရီ ၁၂
ကြံစိုက်ပျိုးမှုဧကပြည့်မီပြီး ကြံတန်ချိန်အထွက်ကောင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကြံစိုက်ဧက ၁၅၂၁ စိုက်ပျိုးထားခဲ့ရာ ကြံခုတ်စျေးကွက်အတွင်းဖြန့်ဖြူးနေလျက်ရှိကြောင်း သိရသည်။
"ဖြူးမြို့နယ်မှာ ကြံမျိုးအနေနဲ့ ဒေသရာသီဥတုနဲ့ကိုက်ညီတဲ့ K-95/84 အထွက်ကောင်းမျိုးကို အများဆုံးစိုက်ပျိုးပြီး တစ်ဧကအထွက်နှုန်း၃၅တန်ကနေ တန်၄ဝ ထွက်ရှိပါတယ်၊ တစ်တန်ကို ၁၈၀၀၀၀ ကျပ်နှုန်းနဲ့တစ်ဧကကို ဝင်ငွေ ၆၃ သိန်းကနေ ၇၂ သိန်းထိ ကြံစိုက်တောင်သူများအနေနဲ့ဝင်ငွေရရှိပါတယ်၊ အဓိကဖြစ်ထွန်းဖို့ကတစ်ဧကအတွက် ၂ ဆစ်၊ ၃ဆစ်ပါ ကြံမျိုးပိုင်းတွေကို မျက်လုံးဖူး ၂၅၀၀၀/၃၀၀၀၀ ဝင်အောင်စိုက်ပျိုးနိုင်ဖို့နဲ့ စိုက်ပျိုးနည်းစနစ်မှန်ကန်ဖို့လိုပါတယ်"ဟု ကြံစိုက်တောင်သူကိုညွန့်ဝင်းထံမှ သိရသည်။
ဖြူးမြို့နယ်အတွင်း ကြံစိုက်ပျိုးရာတွင် ကြံစိုက်တောင်သူများစိုက်ပျိုးနိုင်မှု ၁၄၁၅ ဧက၊ ညောင်ပင်သာသုတေသနခြံတွင် စိုက်ပျိုးနိုင်မှု ၉၅ ဧက၊ စိမ့်ကြီးခြံတွင် စိုက်ပျိုးနိုင်မှု ၁၁ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဒေသအတွင်းစိုက်ပျိုးသည့်ကြံမျိုးများကို ညောင်ပင်သာကြံမျိုးပွားခြံနှင့် စိမ့်ကြီးမျိုးပွားခြံတို့မှ အဓိကထားမျိုးယူတိုးချဲ့စိုက်ပျိုးနေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)