ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ မီးဘေးလုံခြုံစေရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြ

ပွင့်ဖြူ ဇန်နဝါရီ ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းကို ဇန်နဝါရီ ၁၁ ရက်နေ့က အဆိုပါ မြို့မစည်ပင်သာယာဈေး၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က မြို့မစည်ပင်သာယာဈေး မီးဘေးအန္တရာယ် ကင်းဝေး စေရေးဆောင်ရွက်ရန် အချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က မီးလောင်မှု ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများနှင့် မီးလောင်လျှင် ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့မဈေးကြီးတွင် ပွင့်လင်းရာသီကာလ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ဈေးသူဈေးသားများ မီးဘေးအန္တရာယ်ကြုံတွေ့ပါက မီးငြှိမ်းသတ်ပစ္စည်းများဖြင့် စနစ်တကျ ကိုင်တွယ်အသုံးပြု၍ မီးငြှိမ်းသတ်နိုင်စေရန်အတွက် မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းများနှင့် မီးငြှိမ်းသတ်ယာဉ်အသုံးပြု၍ မီးငြှိမ်းသတ်နည်းစနစ်များကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ဈေးဝန်ထမ်းများ၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများက ပူးပေါင်းပါဝင်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက မြို့မဈေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး အတွက် မီးသတ်ရေကန်များ၊ မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိမှုနှင့် အပေါ့စား မီးငြှိမ်းသတ်ရေး ပစ္စည်းများ စီစဉ်ဆောင်ရွက်ထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည့် မီးဘေးလုံခြုံရေး ဆိုင်ရာများကို ဖြည့်စွက်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)