မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၌ ဆောင်းရာသီကြက်သွန်၊ အာလူးစိုက်တောင်သူများ ရာသီအမှီ စိုက်ပျိုးနိုင်ရန် မြေပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ပေါက် ဒီဇင်ဘာ ၂

 ပေါက်မြို့နယ်၌ ဆောင်းရာသီသီးနှံဖြစ်သော ကြက်သွန်၊ အာလူးစိုက် တောင်သူများ ရာသီအမီ စိုက်ပျိုးနိုင်ရေးအတွက် ခေတ်မီ လယ်ထွန်စက်ကြီးများနှင့် မြေပြင်ခြင်းလုပ်ငန်းများကို တန်ဆောင်မုန်းလဆန်းပိုင်းတွင် စတင်ဆောင် ရွက်လျက်ရှိသည်။

 ပေါက်မြို့ နယ်တွင်ရပ်ကွက်၊ ကျေးရွာ အုပ်စုပေါင်း (၇၅)အုပ်စုနှင့် ကျေးရွာပေါင်း (၂၃၉)ရှိပြီး ယောချောင်း၊ ကျောချောင်းဘေးတစ် လျှောက်ရှိ စိုက်ပျိုးရေး တောင်သူများသည် ဆောင်းသီးနှံ ကြက်သွန်ကို ယောချောင်း ဘေးတစ်လျှောက်တွင် အဓိကထား စိုက်ပျိုး လျက်ရှိပြီး ကျောချောင်းဘေးတစ်လျှောက်တွင် အာ လူးကို အဓိကထား စိုက်ပျိုးကြသည်။

 ဆောင်းရာသီအာလူးစိုက် တောင်သူများသည် တန်ဆောင်မုန်းလထဲတွင်မြေပြင်ခြင်း လုပ်ငန်းများစတင်ဆောင်ရွက်ကာ နတ်တော်လဆန်းပိုင်းတွင် စတင်စိုက်ပျိုး လျက်ရှိပြီး တပေါင်းလထဲတွင် ဖြိုင်ဖြိုင်ပေါ်ကာ ရောင်းချကြသည်။ ကြက်သွန်စိုက် တောင်သူများသည် နတ်တော် လထဲတွင် မြေပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ကာ ပြာသိုလဆန်းပိုင်းတွင် စတင်စိုက်ပျိုးပြီး တန်ခူးလထဲတွင် ဖြိုင်ဖြိုင်ဖော်ကာ ရောင်းချ ကြရာ ယခု အချိန်တွင် ရာသီမီစိုက်ပျိုး ရောင်းချနိုင်ရေးအတွက် မြေပြင်ခြင်း လုပ်ငန်းများကို ယခင်က ကျွဲ၊နွားများ ကိုသာ အသုံးပြုခဲ့ကြပြီး ယခုအခါတွင် ကျွဲ၊ နွားများ သာမက ခေတ်မီ လယ်ထွန်စက်ကြီးများဖြင့် အစားထိုးလုပ်ကိုင်ဆောင်ရွက်လာကြပြီး စက်အကြီးအသေးပေါ် မူတည်၍ တစ်နာရီလျှင် ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀ ကျပ်အထိ ပေးချေငှားရမ်းကာ အင်တိုက်အားတိုက် နေ့ရောညပါ မြေပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 ထိုသို့မြေပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွဲ၊ နွား တစ်ရှဉ်းလျှင် တစ်မနက် ကျပ် ၁၀၀၀၀ ပေးဆောင်ရပြီး မြေ ၁၀  တောင်ပတ်လည် ငါးကျင်းခန့် ပြီးစီးပြီး ထွန်စက်တစ်နာရီကို ကျပ်နှစ်သောင်းမှ နှစ်သောင်းကျော်ပေးရပြီး တစ်နာရီ ၁၀ တောင်ပတ်လည် (၂၅)ကျင်းခန့် ပြီးစီးပြီး ငွေကျေး အကုန်အကျ သက်သာကာ အချိန်စောစွာ စိုက်ပျိုးနိုင်ကြောင်း ဒေသခံအာလူးစိုက် တောင်သူတစ်ဦးက ပြောသည်။

 နွေ၊ မိုး၊ ဆောင်း ရာသီမရွေး အမြဲမပြတ် စီးဆင်းလျက်ရှိသော အဓိက ချောင်းမကြီး(၂) ချောင်း ဖြစ်သည့် ယောချောင်းနှင့် ကျောချောင်းတည်ရှိရာ မြို့နယ်တစ်ခုဖြစ်သည့် မကွေးတိုင်း ဒေသကြီး၊ ပေါက်မြို့နယ်သည် မြို့နယ်အတွင်းရှိ ကျေးလက်နေစိုက်ပျိုးရေး တောင်သူ အများစုမှာဆောင်းရာသီတွင် ကြက်သွန်၊ အာလူးကို ထိုချောင်းမကြီးများကို အမှီပြုအဓိထား စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုအခါ ရာသီမီစိုက်ပျိုးနိုင်ရေးအတွက် ခေတ်မီလယ်ထွန်စက် ကြီးများနှင့် အင်တိုက် အားတိုက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဉာဏ်တိုး (ပေါက်)