မြဝတီမြို့၌  ဆိုလာနှင့်ချိတ်ဆက်ထားသည့် ဘတ္ထရီအိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

မြဝတီ ဇန်နဝါရီ ၁၂

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၅)ရပ်ကွက်၊ ဆင်းရွှေလီ(၃)လမ်းတွင် ယမန်နေ့နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်က နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ မြဝတီခရိုင် မီးသတ်ဦးစီးဌာနမှူး ဦးဖြိုးမင်းဇော် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊   မီးသတ်ရေသယ်ယာဉ် သုံးစီး၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး စုစုပေါင်းမီးသတ်ယာဉ် ခြောက်စီး၊ ပုဂ္ဂလိကရေသယ်ယာဉ်သုံးစီး၊  စည်ပင်ရေသယ်ယာဉ်တစ်စီးတို့ ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်မှုဖြစ်စဉ်တွင် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဆင်းရွှေလီ(၃)လမ်းရှိ   အိမ်အမှတ် (၅/၁၃၀၀) အိမ်ရှင်ဦးလင်းကိုကိုပိုင်ဆိုင်သော ပျဉ်ထောင်၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုး၊   ခြေတိုင်ရှည် လူနေအိမ်တွင် ဆိုလာနှင့်ချိတ်ဆက်ထားသော ဘတ္ထရီအိုး အပူလွန်ကဲရာ အနီးရှိဆိုဖာနှင့် အဝတ်အစားများအား  မီးကူးစက်လောင်ကျွမ်းရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး   အိမ်ရှေ့ရှိ  ၁၀ ပေပတ်လည်   ဆိုင်ခန်းနှင့်    အိမ်၏ ဝဲဘက်ကပ်လျက်ရှိ အိမ်အမှတ်(၅/၁၃၀၁) အုတ်ညှပ်နှစ်ထပ် အဆောက်အဦအပေါ်ထပ် ပျဉ်ထောင်၊ ပျဉ်ကာ၊ ပျဉ်ခင်းနှင့်သွပ်မိုးတို့အား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

  ခရိုင်(ပြန်/ဆက်)