မင်းဘူး(စကု)မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ပညာပေးခြင်းဆောင်ရွက်

မင်းဘူး    ဇန်နဝါရီ   ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ပွင့်လင်းရာသီ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ပညာပေးခြင်း အစီအစဉ်များကို မင်းဘူးခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ဇန်နဝါရီလ ၁၁ ရက် နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း ဦးဆောင်ပြီး ခရိုင်နှင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်မျဉ်း၊ စည်းကမ်း၊ သတ်မှတ်ချက် စံနှုန်းများနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ စက်သုံးဆီအရောင်းဆိုင်များတွင် အရန်သင့်ထားရှိရမည့် မီးသတ်ဆေးဗူး အရွယ်အစားနှင့် အရေအတွက်၊ စက်သုံးဆီကန် အမျိုးအစားအလိုက် စနစ်တကျ သိုလ်လှောင်၊ ဖြန့်ဖြူးထားရှိမှု၊ လောင်စာဆီများ ယိုစိမ့်မှုမဖြစ်ပေါ်စေရေးနှင့် ဆီဖြည့်စက် (Pump)များအား စနစ်တကျ ကိုင်တွယ်အသုံးပြု ရောင်းချစေရေး၊ ရေလှောင်ကန်၊ ရေစုကန်များနှင့်အပေါ့စား မီးငြှိမ်းသတ်စက်များအရန်သင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်သော မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများ ထပ်မံဖြည့်ဆည်းထားရှိရေးကို အကြံပြုမှာကြား ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး အဆိုပါစက်သုံးဆီအရောင်းဆိုင်များရှိ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းများ  မီးငြှိမ်းသတ်ရေး ပစ္စည်ကိရိယာများကို စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် မီးဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံ တွေ့သည့်အခါအရေးပေါ် ရှေ့ပြေးမီးငြှိမ်းသတ်ခြင်း လုပ်ငန်းများ အလျှင်အမြန် တုန့်ပြန်ဆောင် ရွက်နိုင် စေရန်အတွက် မီးသတ်ဆေးဘူးအား ကိုင်တွယ်အသုံးပြုပုံအဆင့်ဆင့်ကို အသိပညာပေး ရှင်းလင်းပြော ကြားပြီးနောက် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်း အစီအစဉ်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)