ဇလွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ဇလွန်  ဇန်နဝါရီ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို လမ်းမတော်မြောက်ရပ်ကွက် ရွှေဗျိုင်းဖြူစက်သုံးဆီ အရောင်းဆိုင်တွင် ယနေ့နံနက် ၉ နာရီတွင် ဆောင်ရွက်ခဲ့​ကြကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာန ဒု-မီးသတ်ဦးစီးမှူး ဦးချစ်လွင်ထွေးက မီးဘေးလုံခြုံရေးပစ္စည်းကိရိယာများ ပြည့်စုံစွာထားရှိရန်၊ မီးဘေးအန္တရာယ် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက်ရမည့်လုပ်ငန်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော မြို့ပေါ်စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင်များနှင့်ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။ ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာန ဒု-ဦးစီးမှူး ဦးချစ်လွင်ထွေးနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများအား မီးသတ်ဆေးဘူး၏အချက်အလက်များ အသုံးပြုပုံနှင့် လက်​တွေ့မီးငြှိမ်းသတ်နည်းများ၊ Foam ဆေးအသုံးပြု၍ လက်တွေ့ မီးငြှိမ်းသတ်ခြင်းများကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဟောပြောခြင်းနှင့်လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားသို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထူးပြည့်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒု- ဦးစီးမှူး ဦးချစ်လွင်ထွေးနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင်များနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ညွှန်ကြားချက်များနှင့်အညီ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ စျေးများ၊ ကျောင်းများ၊ တည်းခိုခန်းများ၊ စက်ရုံအလုပ်ရုံများ၊ သာသနိကအဆောက်ဦများ၊ လူနေအိမ်များအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် နေ့စဥ် အရှိန်အဟုန်မြှင့် လိုက်လံစစ်ဆေးအကြံပြုသတိပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)